Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်္သာတခရိုင်အတွင်း စိုက်ပျိုးရေးဆေးဆိုင်များကို ရှောင်တခင်စစ်ဆေးမည်

တရားမဝင် စိုက်ပျိုးရေးဆေးဝါးများ ဖမ်းဆီးရမိနိုင်ရေးနှင့် သတ်မှတ်စည်းကမ်းများနှင့် ညီ မညီကိုသိရှိနိုင်ရန် ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးဆေးအရောင်းဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။


ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားချက်ရရှိပါက ဟင်္သာတခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရှိ မျိုးစေ့ဌာနစိတ်၊ ပိုးမွှားဌာနစိတ်၊ မြေအသုံးချဌာနစိတ် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က မြန်အောင်မြို့နယ်၊ ကြံ့ခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။


တရားဝင်လိုင်စင် လျှောက်ထား၍ စိုက်ပျိုးရေးဆေးအရောင်းဆိုင်များ ဖွင့်လှစ်ထားရာတွင် ဟင်္သာတမြို့နယ်တွင် ၈၈ ဆိုင်၊ ဇလွန်မြို့နယ်တွင် ၂၈ ဆိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၂ ဆိုင်၊ မြန်အောင်မြို့နယ်တွင် ၃၄ ဆိုင်ဖွင့်လှစ်ထား ရှိကြောင်း၊ ယင်းအပြင် ကြံခင်းမြို့နယ်တွင် ၃၁ ဆိုင်နှင့် အင်္ဂပူမြို့နယ်တွင် ၅၈ ဆိုင် ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် မြို့နယ်များအလိုက် ဥပဒေရှင်းလင်းပွဲများ ဆောင်ရွက်ပေးထားကြောင်း ခရိုင်စိုက်ပျိုးရေးရုံး ဦးစီးအရာရှိ ဒေါ်ခင်ခင်မြင့်က ပြောကြားသည်။


ဟင်္သာတခရိုင်တွင် ပိုးသတ်ဆေး လက်လီလက်ကား ရောင်းချခွင့်လိုင်စင်ရှိ ဆိုင်များမှာ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ၂၅၉ ဆိုင်၊ ၂၀၁၈ ခုနှစ် မတ်လအထိ ၂၅၂ ဆိုင်၊ ၂၀၁၉ ခုနှစ် မတ်လအထိ ၂၆၁ ဆိုင်ရှိကြောင်း၊ အဆိုပါ ပိုးသတ်ဆေး အရောင်းဆိုင်များကို သွားရောက်စစ်ဆေးခြင်းကြောင့် လိုင်စင်သက်တမ်း တိုးခြင်းမရှိပါက ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားသည့် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင် ပိုးသတ်ဆေးများ တွေ့ရှိပါက ပထမအကြိမ်အဖြစ် ခရိုင်မန်နေဂျာ၏ စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်ကြောင်း ဒေါ်ခင်ခင်မြင့်ကရှင်းပြသည်။


ပိုးသတ်ဆေးဥပဒေများအရ လိုင်စင်မရှိဘဲ မည်သူမျှ ပိုးသတ်ဆေးကို လက်လီလက်ကား ရောင်းချခြင်းမပြုရကြောင်း ပြဋ္ဌာန်းထားရှိခဲ့သည့်အပြင် ပုဒ်မ ၃၅ အရ အသက် ၁၈ နှစ်နှင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးများ ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များကို ကိုင်တွယ်သုံးစွဲခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ပိုးသတ်ဆေးများနှင့်ပတ်သက်၍ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ် ငွေဒဏ် ၁၀ သိန်းအထိ ပြဋ္ဌာန်းထားကြောင်း ဟင်္သာတခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစန်းဝင်းက ပြောကြားသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ ဆုံးဖြတ်ချက်အရ လိုင်စင်သက်တမ်း ကျော်လွန်ပါက ဒဏ်ကြေးငွေ တစ်သောင်းကျပ်မှ တစ်သိန်းကျပ်အထိ သတ်မှတ်ထားရှိပြီး ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးမှူးဦးစီးမှူးရုံးတွင် လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူသင်တန်းများ ဖွင့်လှစ်ခဲ့ရာတွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သင်တန်းအကြိမ် ၂၅ ကြိမ် ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းတစ်ခုလုံးအတွက် ဟင်္သာတခရိုင်အတွင် သင်တန်း ၂ ကြိမ်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သင်တန်းသားဦးရေ ၄၃၂၁ ဦး တက်ရောက်သင်ကြားကာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးခဲ့ကြောင်း ဦးစန်းဝင်းက ရှင်းပြသည်။

 

Source: The Voice

Read times Last modified on Friday, 29 March 2019 09:15
Rate this item
(1 Vote)