Food & Livestock
ပြည်ပနိုင်ငံများမှ ပဲကြီးကို ယခင်နှစ်ကထက် ဈေးပိုပေး၍ ဝယ်ယူနေ
ပြည်ပနိုင်ငံများမှ ပဲကြီးဝယ်လိုအား ရှိနေသဖြင့် ယခင်နှစ်ကထက် ဈေးပိုပေး၍ ဝယ်ယူနေကြောင်း ပဲမျိုးစုံ ကုန်သည်များ၏ ပြောဆိုချက်အရ သိရသည်။
''ပဲကြီးစပေါ်ချိန်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၅ဝ ကနေ ၇ဝဝ ကြား ဈေးရတယ်။ အရင်နှစ်ကထက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၄ဝ စွန်းစွန်းလောက် ပိုရတယ်။ ပဲကြီးက ပြည်တွင်းမှာလည်း စားသုံးမှုများတဲ့အပြင် ပြည်ပကလည်း ဝယ်ယူမှုရှိတော့ ဈေးကွက် ကောင်းတယ်'' ဟု နေပြည်တော်ရှိ ပွဲရုံကုန်စည်တန်းမှ ဝင်းမြပွဲရုံပိုင်ရှင် ဦးသန်းဇော် ကပြောသည်။
လက်ရှိတွင် ပဲကြီးကို နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ အများဆုံး စိုက်ပျိုးပြီး ပြည်တွင်း ဈေးကွက်တွင် ကုန်သည်များ ဝယ်ယူသိုလှောင်မှု များပြားလာသည်။
ပဲကြီးကို တရုတ်၊ ဥရောပနိုင်ငံတချို့နှင့် အာရှနိုင်ငံတို့သို့ တင်ပို့နေပြီး ဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ငွေကျပ်ကိုးသိန်းကျော်မှ ၁ဝ သိန်းနီးပါးအထိ ရရှိနေကြောင်း၊ နှစ်စဉ် မတ်လနှင့် ဧပြီလတို့တွင် ပဲကြီးထွက်ရှိကြောင်း သိရသည်။
''တရုတ်နိုင်ငံကို တင်ပို့တာ နည်းသွားတယ်။ မနှစ်ကဆိုရင် လက်ကျန်နည်းလို့ ပဲကြီးဈေးတက်ခဲ့တယ်။ ဒီနှစ်လည်း အဖွင့်ဈေးကောင်းတယ်'' ဟု မန္တလေးမြို့ရှိ အောင်ချမ်းသာပွဲရုံ ပိုင်ရှင် ဦးလှိုင်ထွန်းက ပြောသည်။
ပဲကြီးထွက်ရှိရာ မူရင်းဒေသမှာ အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများမှဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်တို့တွင်လည်း အများအပြား စိုက်ပျိုးကာ မြန်မာနိုင်ငံ၌ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးကြောင်း သိရသည်။
Source: Myawaddy



