Food & Livestock
၂၀၂၅-၂၀၂၆ တွင်ပြည်ပသို့ ဆန်တန်ချိန် ၄ သန်းခန့် တိုးမြှင့်တင်ပို့စေရန် ရည်မှန်း
မြန်မာ့ဆန်များကို ပြည်ပ ဝယ်လိုအားမြှင့်တက်လာသည့်အတွက် ပုံမှန်ထက်ပို၍ တင်ပို့လာနိုင်ပြီး လာမည့်
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် လေးသန်းခန့်အထိ တိုးမြှင့်တင်ပို့နိုင်စေရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တစ်လျှင် ပျမ်းမျှဆန်တန်ချိန် နှစ်သိန်းနီးပါး တင်ပို့နေရပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့နိုင်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မြန်မာ့ဆန်တွေကို ပြည်ပစျေးကွက်ကို ပုံမှန်ထက်ပိုပြီး တင်ပို့လာနိုင်ပါတယ်။ တစ်လကို ပျမ်းမျှတန်ချိန် နှစ်သိန်းလောက်တင်ပို့ပြီး တစ်နှစ်ကို တန်ချိန် နှစ်သန်းလောက် တင်ပို့နိုင်ပါတယ်။ ဒီနှစ်မှာလဲ တန်ချိန် နှစ်သန်းဝန်းကျင်လောက် တင်ပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းဥက္ကဠ ဦးနေလင်းကပြောသည်။
ပြည်ပတင်ပို့သောဆန်နှင့် ပြည်တွင်းစားသုံးသောဆန်သည် အမျိုးအစားမတူညီသောကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုကို မထိခိုက်နိုင်ကြောင်း ပြည်ပတင်ပို့သော ဆန်များတွင်သီးထပ်၊ ငစိန်၊ ထွန်းပု၊ ရွှေဝါထွန်း၊ ရတနာတိုး၊ ပေါင်းဆန်နှင့် A21 ဆန်ကွဲ စသည့်ဆန်အမျိုးအစားများကို အများဆုံးတင်ပို့လျက်ရှိပြီး မြန်မာ့ဆန်များကို ပြည်ပစျေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်သည့်အပြင် နိုင်ငံတကာ ပေါက်စျေးအတိုင်းရရှိစေရန် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းက စဉ်ဆက်မပြတ် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆန်များကို ဥရောပ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံအချို့သို့ တင်ပို့ရောင်းချနေရပြီး တန်းမြင့်ဆန်ဖြစ်သော ပေါင်းဆန်များကို ဥရောပစျေးကွက်သို့ အဓိကထားတင်ပို့ကာ လက်ရှိတွင် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့နေသော ဆန်စျေးနှုန်းမှာ တည်ငြိမ်မှုရှိကြောင်း၊ ယခုအခါပြည်တွင်း၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်က ငွေကြေးကူညီထောက်ပံ့ကာ ကုမ္ပဏီများနှင့် တောင်သူများပူးပေါင်းပြီး အကျိုးတူစိုက်ပျိုးရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Source: MDN
#MyanmarFoodGuide




