Food & Livestock
အခြေခံလူတန်းစားများ ဈေးမြင့်၍ ၀ယ်ယူစားသုံးရန် လက်လှမ်းမမီတဲ့ ငါးသလောက်
ရေချိုရေငန်မှ ဖမ်းဆီးရရှိသည့် ငါးမျိုးစုံတို့အနက် ငါးသလောက်ငါးကို ပင်လယ်ပြင်တွင်
ဖမ်းဆီးရနိုင်သလို ပင်လယ်နှင့်တစ်ဆက်တစ်စပ်တည်း ဖြစ်နေသည့် မြစ်ချောင်း (ရေချို) တွင်လည်း ဖမ်းဆီးရရှိနိုင်ပါတယ်။
ပင်လယ်ငါးသလောက်ကို ပေါများစွာ ဖမ်းဆီးရရှိနိုင်သော်လည်း မြစ်ချောင်းများတွင် ရေချိုငါးသလောက်ကို ဒေသခံတို့ စားသုံးရန်သာ ဖမ်းဆီးရရှိနိုင်ကြောင်း သိရပါတယ်။
ရေချိုတွင် ဖမ်းဆီးရရှိသည့် ငါးသလောက်ကို စားသုံးသူများ အထူးနှစ်သက်ကြပြီး ဈေးကွက်တွင်လည်း ပင်လယ်ငါးသလောက်ထက် ဈေးမြင့်ကာ မုန့်ဟင်းခါး ဟင်းရည်ချက်ရာတွင် အလွန်ကောင်းကြောင်း သိရပါတယ်။
ဖျာပုံဈေးကွက်တွင် မေ ၂၄ ရက် နံနက်တွင် ရေချိုငါးသလောက်တစ်ပိဿာ ငွေကျပ် ၂၀၀၀၀ ဖြစ်နေကြောင်း သိရပါတယ်။
ငါးမှာ ငါးသလောက်ဟု ဆိုသော်လည်း အခြေခံလူတန်းစားများ စားသောက်ရန် လက်လှမ်းမမီဖြစ်နေကြောင်း၊ ရေချိုငါးသလောက်ကဲ့သို့ပင် ပင်လယ်မှ ဖမ်းဆီးရရှိသည့် ငါးသလောက်များမှာလည်း ငါးတစ်ကောင် ၄၀ ကျပ်သားမှ အထက်သည် ပြည်ပဈေးကွက်ဝင်နေသဖြင့် ငါးသလောက်အသေးများကိုသာ တစ်ပိဿာ ငွေကျပ် ၈၀၀၀ ခန့်ဖြင့် ၀ယ်ယူစားသုံးနေရသဖြင့် အခြေခံလူတန်းစားများ ၀ယ်ယူစားသုံးရန် ခက်ခဲလျက်ရှိကြောင်း သိရပါတယ်။
Source: Myanma Alinn