Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သဘာဝရေပြင်တွင် မပြန့်ပွားစေလိုသော ငါးမျိုးများ

သဘာဝရေပြင်တွင် မပြန့်ပွားစေလိုသော ငါးမျိုးများ Google

ယခုလို ငါးမျိုးများသားပေါက်ပွားသည့် မိုးရာသီကာလအတွင်း သဘာဝရေပြင် ရေရိုးများဖြစ်သည့်

မြစ်ချောင်း၊ အင်းအိုင်များနှင့် ဆည်၊ တာတမံကြီးများ၊ စပါးစိုက်ခင်းများအတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများ၊ ငါးသားပေါက်များကို မျိုးစိုက်ထည့်သွင်းပေးနေသည့် သတင်းကို နေ့တိုင်းလိုလို ကြားနေရသည်။


ငါးမျိုးများ နှစ်စဉ်မျိုးစိုက်ထည့် ပေးနေခြင်းသည် သဘာဝရေပြင် ရေရိုးများ အတွင်း ငါးရိက္ခာများ အစဉ်ပေါများ ပြည့်လျှံနေစေရေးနှင့် မြန်မာ့တိုင်းရင်း ငါးမျိုးများ မျိုးသုဉ်းမပျောက်ကွယ်စေရေး တို့ကို အဓိကထား၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ယခုအခါ၌ သဘာဝ ငါးမျိုးများ သည် တရားမဝင် ငါးဖမ်းနည်းများဖြစ်သည့် ဘက်ထရီရှော့တိုက်၍ ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ၊ မိုင်းခွဲ၍ ငါးဖမ်းခြင်းများအပြင် နောက်ဆုံးပေါ်နည်းလမ်းများ ဖြစ်သည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အသိဉာဏ်ကင်းမဲ့စွာ အသုံးပြုပြီး ဖမ်းဆီး နေကြ၍ သဘာဝငါးမျိုး အတော်များများမှာ ရှားပါးလာကာ အချို့မှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ဆိုက်ရောက်နေပါသည်။


ယခင်ကာလများက ဈေးများ အတွင်း လွယ်လင့်တကူ ပေါပေါများများ တွေ့ရသော ငါးတောင်စင်း၊ ငါးခုံးမ၊ ငါးသံချိတ်၊ ငါးဖန်းမ၊ ငါးဝက်မနှင့် ငါးပနော်၊ ယင်ဘောင်စာ အစရှိသည့် ငါးမျိုးစိတ်များကို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း လူငယ် များ မြင်ဖူးဖို့က အတော်ခက်လာသည်။ ထင်ရှားသည့် သာဓကမှာ အင်းလေးဒေသ အတွင်း၌သာကျက်စားသည့် ဒေသရင်း ငါးမျိုးစိတ် (Endemic species) များ ဖြစ်သည့် ငါးတောင်နွယ်၊ ငါးရစ် ငါးမျိုးများက ယခင်အခါက ပိဿာချိန်ထောင်ချီ၍ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုလက်ရှိ ကာလ၌ တစ်ကောင်တစ်မြီးမျှပင် မတွေ့ ရှိရတော့ပါ။


မလိုလားအပ်သော ငါးမျိုးစိတ်များမပါရှိရေး


မြစ်၊ ချောင်းနှင့် ဆည်၊ တမံ၊ ရေကန်၊ ရေအင်းကြီးများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းပြုရာ၌ စည်းမျဉ်း စည်းကမ်းနှင့် အကန့်အသတ်များ ရှိပါသည်။ မလိုလားအပ်သော ငါးမျိုးစိတ်များ၊ ရေပြင်အတွင်း ရောက်ရှိသွားပါက မူလဌာနေ ငါးမျိုးများနှင့် မျိုးစပ်ကာ မလိုလားအပ်သော ဗီဇပြောင်းမျိုးစိတ်များ ဖြစ်ပေါ်ခြင်း၊ ရောဂါ ဘယကူးစက်ကျရောက်ခြင်း၊ ဌာနေငါးမျိုး များအား လွှမ်းမိုးသွားခြင်း၊ အသားစားငါး မျိုးစိတ်များဖြစ်ပါက ဌာနေငါးမျိုးများနှင့် အခြားရေနေသတ္တဝါများအား မျိုးသုဉ်း ပျောက်ကွယ်စေသည်အထိ အန္တရာယ် ကြီးမားခြင်း အစရှိသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။


သို့ဖြစ်၍ ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေ အခန်း (၁၀)၌ “ငါးမျိုးစိတ်များကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာန ၏ ကြိုတင်ခွင့်ပြုချက်ရယူမည်”ဟု ဥပဒေ ထုတ်ပြန် ထားရှိပါသည်။ သားစား ကြူးသော ငါးမျိုးများ ထည့်သွင်းမိလျှင် အန္တရာယ်အထူးကြီးမားကြောင်းကို ဘုရား များရှိ ဘေးမဲ့ကန်များအတွင်း တွေ့ရှိနိုင် ပါသည်။ အာဖရိက ငါးခူမျိုးများသည် အသားစားကြူးသည်ဖြစ်ရာ အချိန်တို အတွင်း အရွယ်အစားကြီးမားလာပြီး ကန်အတွင်းရှိ အခြားငါးမျိုးများကို ဝါးမျို စားသောက်သည်သာမက လိပ်ကြီးများ ကိုပင် အန္တရာယ်ပြုလာသည်ကို တွေ့ရှိရသည်။


ငါးမွေးမြူခြင်းလုပ်ငန်းကို အနှောင့်အယှက်ပေးလာ


အလှမွေးငါး မွေးမြူသူများက မိမိတို့ ငါးမွေးမှန် ကန်အတွင်း သန့်ရှင်းရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင်တင်သွင်းလာသော စုပ်ခွက်ငါး များကို ထည့်သွင်းမွေးမြူထားရာ မိမိမမွေး မြူ လိုသည့်အချိန်၌ အခြားရေပြင်များ အတွင်း အမှုမဲ့အမှတ်မဲ့ စွန့်ပစ်ကြရာမှ မြစ်များ၊ ချောင်းများအတွင်းမှာပင် ယင်းစုပ်ခွက်ငါးမျိုးများကို တွေ့ရှိလာကြသည်။ ပိုမိုဆိုးရွားစေသည့်အချက်မှာ စီးပွားဖြစ်မွေးမြူသော ငါးမွေးမြူရေးကန်များ အတွင်း ယင်းစုပ်ခွက်ငါးများ ရောက်ရှိသွား ရာမှ အများအပြား ပြန့်ပွားလာကြပြီး ကန်အတွင်းမွေးမြူထားသော ငါးများနှင့် အစာရေစာ ယှဉ်ပြိုင်မှု ဖြစ်ပေါ်ကာ ငါးမွေးမြူခြင်းလုပ်ငန်းကို အနှောင့်အယှက် ပေးလာသည်အထိ ဆိုးရွားလျက်ရှိပါသည်။


သို့ဖြစ်၍ ငါးလုပ်ငန်းနှင့် ပတ်သက် ဆောင်ရွက်နေသည့် ပုဂ္ဂလိကပိုင်းဆိုင်ရာ တစ်ဦးတစ်ယောက်ချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့် သော်လည်း ကောင်း၊ ဌာနေနှင့် မကိုက်ညီသည့် မလိုလားအပ်သော ငါးမျိုးစိတ်များနှင့် အသားစားကြူးသည့် ငါးမျိုးစိတ် (High Carnivore Species)များကို အထူးသတိပြု ကြပ်မတ်ကြစေ လိုပါသည်။ ငါးမျိုးစိတ်များ တင်သွင်းမည် ဆိုပါကလည်း ငါးလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုချက်အတိုင်း ဆောင်ရွက် စေလိုပါသည်။ ယခုရက်ပိုင်းအတွင်း လူမှု ကွန်ရက်စာမျက်နှာထက်၌ ပြည်တွင်း ဈေးကွက်သို့ အသားစားငါးမျိုးစိတ်များဖြစ် သည့် ငါးရံ့ဘီလူး (Giant Snakehead)နှင့် ပီးကော့ငါး (Peacock Bass) တို့သည် အလှမွေးငါးအဖြစ် ဝင်ရောက်နေပြီး ငါးလုပ်ငန်းဦးစီးဌာနမှလည်း တင်သွင်း ခွင့်မပြုဘူးလို့ သိရသည်။

 


အသားစားကြူးသည့် ငါးမျိုးစိတ်များ


အသားစားကြူးသည့် ငါးမျိုးစိတ်များ သည် မျိုးရိုးဗီဇကြောင့် သော်လည်းကောင်း၊ အစာစားပုံ အလေ့အထကြောင့်သော်လည်း ကောင်း အချိန်တိုအတွင်း အလျင်အမြန် ကြီးထွားနိုင်သည်ဖြစ်၍ ဒေသခံသားစား ငါးမျိုးများသည် ၎င်းအား မလွှမ်းမိုးနိုင်ပေ။ (ဥပမာအားဖြင့် တိုင်းရင်းငါးခူများသည် သက်တမ်းနှစ်နှစ်တွင် ၂၀-၂၅ ကျပ်သားခန့် ကြီးထွားနှုန်းရှိသော်လည်း အစားကြူး သည့် အာဖရိကငါးခူသည် သက်တမ်း သုံးလအတွင်း ၂၀-၂၅ ကျပ်သား၊ ထို့ထက်ပို၍လည်း ကြီးထွားနိုင်ပါသည်။


အသားစားကြူးသည့် ငါးမျိုးစိတ်များ သဘာဝရေပြင်သို့ ရောက်ရှိပါက ဒေသ အတွင်းရှိ ဂေဟစနစ်၏ အစာကွင်းဆက် (Food Chain)၌ သားရဲနှင့် အစားခံ သားကောင်မမျှဖြစ်ကာ (ဒေသခံ အသားစားငါးများသည်လည်း ၎င်းအား မယှဉ်ပြိုင်နိုင်၍) ဌာနေငါးမျိုးများ တဖြည်းဖြည်း ပျက်စီးမျိုးသုဉ်းသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည် ဖြစ်သည်။


သို့ဖြစ်၍ ရေပြင်များအတွင်း ငါးမျိုး များ လွှတ်ရာ၌ ဌာနေသဘာဝနှင့် ပတ်ဝန်းကျင် ဂေဟစနစ်အား အလေး ထား ဂရုပြုဆင်ခြင်သင့်ပြီး အထူးသဖြင့် ဌာနေမဟုတ်သည့် အသားစား ပြည်ပငါးမျိုးစိတ်များ သဘာဝရေပြင်ရေရိုးများ၌ ကျူးကျော် တိုးပွား မလာစေရန်အတွက် ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းကြပါရန် လိုအပ်ပါသည်။

 

By Myanmar Food Guide

 

Myanmaalinn

Read times
Rate this item
(0 votes)