Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အပါအဝင် ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲတီစိမ်း တင်ပို့နေရသောကြောင့် ဈေးကွက်ခိုင်မာနေ

 

မြန်မာ့ပဲတီစိမ်းကို  အိန္ဒိယနိုင်ငံသို့ သာမက တရုတ်နှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့  တင်ပို့နေရသောကြောင့်  ဈေးကွက်ခိုင်မာနေဆဲဖြစ်ကြောင်း  ပဲကုန်သည်များထံမှ သိရသည်။

 

ယခုအခါ  အညာဒေသများ၌  ပဲတီစိမ်းထွက်ရှိနေပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်၌ တစ်ရက်လျှင်  အိတ်ရေ  လေးသောင်းခန့် အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် ပဲတီစိမ်းသည်  တရုတ်နိုင်ငံ၏  ကန့်သတ်ကုန်များတွင် မပါဝင်သောကြောင့် တရားဝင် တင်ပို့နိုင်သဖြင့်  အဆင်ပြေကြောင်း ပဲကုန်သည် ဦးတင်ဦး ကပြောသည်။

 

''နှစ်ဖက်စလုံးက  တရားဝင်ဖြစ်တဲ့ အတွက်  တခြားကုန်စည်တွေလို  အဆင်မပြေတာမရှိဘူး။   တရုတ်ကိုတင်ပို့တာအဆင်ပြေပေမယ့် ဥရောပသမဂ္ဂလို နိုင်ငံတွေက ဓာတ်ကြွင်းပါဝင်မှုနှုန်းကို ကြည့်တယ်။

 

မြန်မာနိုင်ငံက  ပဲတီစိမ်းတွေက  အရည်အသွေးတော့ ကောင်းပါတယ်။ ခရမ်းနဲ့  သုံးခွမြို့နယ်ဘက်က  ပဲတီစိမ်းကတော့   အကောင်းဆုံးပါပဲ'' ဟု ဦးတင်ဦး ကပြောသည်။

 

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ်နိုင်ငံသို့  ၆ဝ ရာခိုင်နှုန်း တင်ပို့နေသည့်အပြင် ဥရောပ သမဂ္ဂနိုင်ငံများအပါအဝင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့  တင်ပို့လျက်ရှိရာ  အဓိက ဝယ်လက်ဖြစ်သည့်   တရုတ်နိုင်ငံသည် ပဲတီစိမ်းရွှေဝါကို ပိုမိုကြိုက်နှစ်သက်မှုရှိကြောင်း  သိရသည်။

 

ပြည်တွင်းမှတင်ပို့သည့်   ပဲတီစိမ်းကို တရုတ်နိုင်ငံ၌ ပြန်လည်သန့်စင်ကာ တံဆိပ်ရိုက်နှိပ်၍တခြားနိုင်ငံများသို့  တင်ပို့နေသည့်အပြင်  အာဖရိကနိုင်ငံများကလည်း  မြန်မာနိုင်ငံ၏ ဝယ်လက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့ အနိမ့်ဈေးများဖြင့်   တင်ပို့နေသောကြောင့် အရည်အသွေးမြင့် ထုတ်လုပ်လာနိုင်ပါက ဈေးကွက်ချင်း ယှဉ်ပြိုင်လာနိုင်ဖွယ်ရှိကြောင်း  သိရသည်။

 

ပြည်တွင်း၌  ပဲတီစိမ်းကို  စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌ စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။ 

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:05
Rate this item
(1 Vote)