Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲတစ်တန် ကျပ်ခုနစ်သောင်းကျော် ဈေးပြန်ကျ

အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေသော ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများသည် နှစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်လေးသောင်းမှ ခုနစ်သောင်းကျော်အထိ ဈေးကျဆင်းကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

 

ယင်းပဲဈေးနှုန်းများသည် ဇန်နဝါရီလ ပထမပတ်အတွင်းက အိန္ဒိယဘက်က အဝယ်လိုက်နေသည့်အတွက် မြင့်တက်နေရာမှ ယင်းနောက်ပိုင်း အိန္ဒိယဘက်က အဝယ်တဖြည်းဖြည်းပြန်လျော့လာခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ပြီး လတ်တလောအခြေအနေမှာ ဈေးကွက်ကို ခန့်မှန်းရခက်ခဲနေကြောင်း ပဲကုန်သည်များက ပြောဆိုသည်။

 

ထို့အတူ ပြည်ပပို့သင်္ဘောတင် (FOB) ဈေးနှုန်းမှာလည်း လွန်ခဲ့သည့်နှစ်ပတ်ကထက် မတ်ပဲ(FAQ)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၊ မတ်ပဲ(SQ)တစ်တန်လျှင် ၄၅ ဒေါ်လာခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၃၀ ခန့်ကျဆင်းကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

 

လတ်တလော အိန္ဒိယဘက်က အထူးဝယ်ယူခွင့်ပါမစ်များဖြင့် မြန်မာ့ပဲကို ဝယ်ယူနေခြင်းဖြစ်ပြီး ၎င်းတို့လိုအပ်သည့်အချိန်တွင် ပမာဏများစွာဝယ်ယူပါက ဈေးနှုန်းမြင့်တက်ပြီး ၎င်းတို့မဝယ်ချိန်တွင် ဈေးနှုန်းကျဆင်းကြောင်း၊ ထို့ကြောင့်ဈေးကွက်မှာ ငြိမ်သက်ခြင်းမရှိဘဲ ၎င်းတို့လက်ထဲတွင် ဈေးနှုန်းရှိနေသည့် အခြေအနေနှင့် မြန်မာပဲကုန်သည်များ ရင်ဆိုင်နေရသည့်အတွက် အစိုးရအနေနှင့် တရားဝင်ရောင်းချခွင့်ရရှိရန် အမြန်ဆုံးလုပ်ဆောင်ပေးသင့်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ ပဲကုန်သည်များက ပြောကြားသည်။

 

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၆၉၆,၀၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၈၆၄,၀၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇၀၅,၀၀၀ ရှိပြီး FOB ဈေးနှုန်းမှာ မတ်ပဲ (FAQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀-၄၈၀၊ မတ်ပဲ (SQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀-၆၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀-၄၈၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

 

Source: The Voice

Read times
Rate this item
(1 Vote)