Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လူသားများနှင့် ကမ္ဘာကြီးကို ကယ်ဆယ်ရန် ပဲကိုစား၍ အသားကို ရှောင်ရန်လို

လူသားများသည် ၎င်းတို့ကိုယ်တိုင် ကျန်းမာရေးနှင့် ကမ္ဘာမြေကို ကယ်ဆယ်ရန်အတွက် ပဲနှင့် အသီးအရွက်ကို ပိုစားကာ အသားကိုလျှော့ရမည်ဟု သုတေသန

လေ့လာသူများက ပြောကြားလိုက်ကြောင်း DW သတင်းတွင်ဖော်ပြထားပါတယ်။

 

အရွယ်ရောက်ပြီးသူများအတွက် အမဲသားစားသုံးမှုကို တစ်ရက်လျှင် ၁၄ ဂရမ်အထိသာ ကန့်သတ်ထားသင့်သည်ဟု လေ့လာသူများကဆိုပါတယ်။ ထိုပမာဏသည် ဝက်ပေါင်ခြောက်တစ်ပြား၏ ထက်ဝက်ခန့်သာရှိပါတယ်။

 

လူသားတို့၏ အသက် သန်းပေါင်းများစွာ သေဆုံးနေမှုနှင့် ကမ္ဘာမြေ ထိခိုက်ပျက်စီးမှုများကို ရှောင်ရှားရန်အတွက် အစားအစာထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံကို ပြောင်းလဲရမည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော Lancet သိပ္ပံဂျာနယ်တွင် ဖော်ပြထားပါတယ်။

 

ထိုရည်မှန်းချက်နှစ်ခုစလုံးအတွက် အဓိကသော့ချက်မှာ ကမ္ဘာ့စားသုံးမှုပုံစံကို ပြောင်းလဲခြင်းဖြစ်ပြီး အသားကို ထက်ဝက်လျှော့စားကာ အသီးအရွက်ကို နှစ်ဆ ပိုစားရန်ဖြစ်သည်ဟု လေ့လာသူများက တင်ပြထားပါတယ်။

 

လူသားများအနေနှင့် ကမ္ဘာမြေ ကျန်းမာရေး စားသုံးမှုပုံစံကို လိုက်နာပါက နှစ်စဉ် အချိန်မတန်မီ သေဆုံးမှုပေါင်း ၁၁ သန်းကျော်ကို တားဆီးနိုင်မည်ဖြစ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့်အပြင် မြေ၊ ရေနှင့် ဇီဝမျိုးကွဲများကို ထိန်းသိမ်းနိုင်မည်ဟု ပညာရှင်များက ပြောကြားခဲ့ပါတယ်။

 

စားသုံးမှုပုံစံ ပြောင်းလဲမှုတွင် အရွယ်ရောက်သူတစ်ဦးလျှင် အမဲသား ၁၄ ဂရမ် (ကယ်လိုရီ ၃၀ ခန့်) အထိသာ ကန့်သတ်ခွင့်ပြုသင့်ပြီး အသားတိုးကြက် ကြော်ကဲ့သို့သော စားစရာများကို ၂၃ ဂရမ်ထက် မပိုစေဘဲ ကြက်ဥကိုလည်း ၁၃ ဂရမ် (တစ်ပတ်လျှင် တစ်လုံးခွဲခန့်) ထက် ပိုမစားသင့်ဟု ၎င်းတို့ကဆိုပါတယ်။

 

ယခုအစီရင်ခံစာက ကျွမ်းကျင်ပညာရှင် ၃၇ ဦးက နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် သုံးနှစ်ကြာ သုတေသနပြုကာ ပြုစုထားခြင်းဖြစ်ပါတယ်။

 

သုတေသနတွင်ပါဝင်သော လန်ဒန်တက္ကသိုလ်မှ ပါမောက္ခတင်မ်လန်းက “ကျွန်တော်တို့ လူသားတွေဟာ စိုးရိမ်စရာ ပျက်သုဉ်းမယ့် အခြေအနေကို ရောက်ရှိနေပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

 

အစားအစာထုတ်လုပ်မှု၊ စားသုံးမှုပုံစံကို ပြောင်းလဲခြင်းမရှိပါက ၂၀၅၀ တွင်ရှိလာမည့် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံကို ကျွေးမွေးရန် မဖြစ်နိုင်ကြောင်း တင်မ်လန်းက မှတ်ချက်ပေးခဲ့ပါတယ်။

 

“အစားအစာကို ဘယ်လိုထုတ်လုပ်သလဲ၊ ဘယ်လိုစားသုံးသလဲ ဆိုတဲ့ပုံစံဟာ လူသားတွေနဲ့ ကမ္ဘာမြေရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးပါတယ်။ လက်ရှိပုံစံဟာ ဆိုးဆိုးဝါးဝါး မှားယွင်းနေပါတယ်”ဟု ၎င်းကရှင်းပြခဲ့ပါတယ်။

 

အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ အာဟာရချို့တဲ့မှုနှင့် ကင်ဆာရောဂါ အမျိုးမျိုးတို့သည် မမှန်ကန်သော စားသောက်မှုပုံစံနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ဟု သိရှိရပါတယ်။

 

ဘေးမကင်းသော အစားအစာများကြောင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများသည် ဘေးမကင်းသော လိင်ပျော်ပါးမှု၊ အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးတို့ကြောင့် သေဆုံးမှု စုစုပေါင်းထက် ပိုများနေသည်ဟု ပညာရှင်များက ထောက်ပြခဲ့ပါတယ်။

 

မြောက်အမေရိကတွင် နေထိုင်သူများသည် အမဲသားကို စားသင့်သည့် ပမာဏထက် ၆ ဒသမ ၅ ဆ ပိုမိုစားသုံးလျက်ရှိပြီး အာဖရိက ဆာဟာရဒေသတွင် နေထိုင်သူများမှာလည်း အာလူးနှင့် ပီလောပီနံဥကဲ့သို့ ကစီဓာတ်များသော အစားအစာများကို စားသင့်သည်ထက် ၇ ဒသမ ၅ ဆ ပိုမိုစားသုံးနေသည်ဟု သိရှိရပါတယ်။

 

ကမ္ဘာပေါ်တွင် လူအများစုက ဘေးမကင်းသော အစားအစာများကို ပိုမို စားသုံးနေကြသော်လည်း လူသန်းပေါင်း ၈၀၀ ခန့်မှာ စားနပ်ရိက္ခာ လုံလောက်ခြင်း မရှိကြောင်း ဟားဗတ်တက္ကသိုလ်မှ ဝေါလ်တာဝီလက်က ပြောကြားခဲ့ပါတယ်။

 

Source: The Voice

Read times Last modified on Monday, 21 January 2019 13:18
Rate this item
(1 Vote)