Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


METRO ၏ လက်ကားရောင်းဝယ်ရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် တရားဝင်စတင် ဝန်ဆောင်မှုပေးမည်

ဂျာမနီ လက်ကားရောင်းဝယ်ရေး လုပ်ငန်းစုကြီးဖြစ်သော METRO (မက်ထရို) ၏ နိုင်ငံတကာ လုပ်ငန်းခွဲများစာရင်းတွင် (၃၆) နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

 

ရန်ကုန်မြို့တွင် တည်ရှိသော METRO ၏ ခေတ်မီ သိုလှောင်ရုံနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိရောက်စွာ ကုန်ပစ္စည်း မှာယူ၊ ပို့ဆောင်ပေးနိုင်သော ဝန်ဆောင်မှုစနစ်များကို အသုံးပြု၍ METRO Wholesale Myanmar သည် လျင်မြန်စွာတိုးတက်ပြောင်းလဲ လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍများမှ ဒေသခံ ပရော်ဖက်ရှင်နယ် ဝယ်ယူစားသုံးသူများကို ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။

 

“မြန်မာနိုင်ငံရဲ့ စားသောက်ကုန် လက်ကားရောင်းဝယ်ရေးကဏ္ဍဟာ METRO အတွက် အလားအလာကောင်းတွေ အများကြီး ရှိနေတာကြောင့် ကုန်သွယ်စီးဆင်းမှုနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနယ်ပယ်တွေ အပါအဝင် ပြည်တွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အရှိန်အဟုန် မြှင့်တင်ပေးနိုင်ပြီး ဒေသခံ လူ့အဖွဲ့အစည်းအတွက် စားသောက်ကုန် လက်ကားရောင်းဝယ်ရေး အခြေခံအုတ်မြစ်ကို ရေရှည် တိုးတက်ပြောင်းလဲလာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ရန်ကုန်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် METRO စတင်မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင်  METRO AG ၏ Chief Operating Officer နှင့် Board Member ဖြစ်သူ Philippe Palazzi ကပြောသည်။

 

အခြားနိုင်ငံများရှိ လုပ်ငန်းလည်ပတ်ပုံနှင့်မတူသော သာလွန်ထူးခြားသည့်အချက်မှာ METRO သည် မြန်မာနိုင်ငံတွင် လက်ကားရောင်းဝယ်ရေးစတိုးဆိုင်များစွာ တည်ဆောက်၍ ဖြန့်ဖြူးရောင်းချသွားမည် မဟုတ်ဘဲ e-commerce နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးပြုထားပြီး စားသုံးသူများ လွယ်ကူအဆင်ပြေ  ချောမွေ့စွာဖြင့် တစ်နေရာတည်းတွင် လိုအပ်သည်များ အားလုံးဝယ်ယူရရှိနိုင်သော ဒစ်ဂျစ်တယ် နည်းပညာသုံး အရောင်းစနစ် ထားရှိလျက်ရှိသည်။

 

ရန်ကုန်မြို့ပြင်ရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသော (၅,၈၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိ ခေတ်မီ ပင်မသိုလှောင်ရုံကြီးမှတစ်ဆင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးသွားမည့် အဓိက လက်ကားရောင်းဝယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်။ အဆိုပါ ပင်မသိုလှောင်ရုံတွင် တင်သွင်းလာသောကုန်ပစ္စည်းများကို ခေတ်မီ စက်ကိရိယာ များဖြင့် အရည်အသွေး ကြပ်မတ်စွာစစ်ဆေးပြီး သတ်မှတ်ထားသော စားသောက်ကုန်  ဘေးအန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ လက်ခံ၊ သိုလှောင်၊ ပြုပြင်၊ ထုတ်ပိုးပြီး B2B စားသုံးသူများထံ ပို့ဆောင်ပေးလျက် ရှိပါသည်။

 

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် B2B လက်ကား ဝယ်ယူစားသုံးသူပေါင်း ဟိုတယ်၊ စားသောက်ဆိုင်နှင့် catering လုပ်ငန်းများ (၃၀၀) ဦး ရှိနေပြီဖြစ်ပြီး ဝက်ဘ်ဆိုက်နှင့် မိုဘိုင်း အက်ပလီကေးရှင်း စသည့် METRO ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် အရည်အသွေးမြင့် စားသောက်ကုန် နှင့် အခြားကုန်ပစ္စည်း အမျိုးအစားပေါင်း (၂,၀၀၀) ကျော်ကို အွန်လိုင်းပေါ်မှတစ်ဆင့် ရွေးချယ်မှာယူနိုင်ပြီ ဖြစ်ပါသည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ခေတ်မီ အပူချိန်ထိန်း ကုန်တင်ကားများဖြင့် ထောက်ပို့ ဝန်ဆောင်မှုပေးနိုင်သော ပြင်ပ ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

လွန်ခဲ့သည့် လအနည်းငယ်အတွင်း METRO သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ  ဒေသခံ စားသောက်ကုန် ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ  ပြုလုပ်ခဲ့ပါသည်။ METRO သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ စားသောက်ကုန်များ  တိုက်ရိုက်ဝယ်ယူသောကြောင့် ၎င်းတို့အနေဖြင့် ကုမ္ပဏီ၏ ပိုမို ကောင်းမွန်ပြီး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း နိုင်သော ကုန်စည် စီးဆင်းမှုစနစ်ထံမှ အကျိုးအမြတ်များ ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် METRO ၏ B2B ဝယ်ယူစားသုံးသူများမှာ လတ်ဆတ်သန့်ရှင်းသည့် အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင် ကြမည်ဖြစ်သည်။

 

Read More >>>>>  ကော်ဖီအရည်အသွေးပြိုင်ပွဲ ရန်ကုန်မြို့ တွင် ကျင်းပမည်

“ကျွန်တော်တို့အတွက် မြန်မာနိုင်ငံဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကိုင်ဖို့နဲ့ အရည်အသွေးဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေကို မြှင့်တင်ဖို့ ဆောင်ရွက်သွားရမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ METRO အနေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေအတွက် ပြန်လည် အကျိုးပြုနိုင်ဖို့နဲ့ စားသောက်ကုန် ထုတ်လုပ်သူတွေနဲ့ ဖြန့်ဖြူးရောင်းချ သူတွေရဲ့ လူနေမှုဘဝတွေ တိုးတက်မြင့်မားလာစေဖို့ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိစေမယ့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို သိရှိနိုင်ရေးအတွက် မွမ်းမံသင်တန်းတွေကနေတစ်ဆင့် သင်ကြားပို့ချပေးလျက် ရှိပါတယ်။

 

ဒီနည်းလမ်းနဲ့ ပြည်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ အလားအလာ  ကောင်းတွေ ဖော်ဆောင်နိုင်အောင် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး METRO လုပ်ငန်းစုကြီးရဲ့ နိုင်ငံတကာ စားသောက်ကုန် အရင်းအမြစ် လမ်းကြောင်းတွေကနေတစ်ဆင့် ပြည်တွင်းပို့ကုန် အခွင့်အလမ်းတွေ ပိုမို ရရှိလာကြမှာ ဖြစ်ပါတယ်” ဟု METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က ပြောကြားခဲ့ပါသည်။

 

“ဆက်လက်ပြီး ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်နည်းပညာ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ e-commerce စနစ်ကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ အဲ့ဒီကမှတစ်ဆင့် လက်ကားရောင်းဝယ်ရေးနဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွေမှာရှိတဲ့ ဝယ်ယူစားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမှာပါ” ဟု သူက ထပ်မံပြောကြားခဲ့သည်။

 

မွမ်းမံသင်တန်းများနှင့် ကုန်စည်စီးဆင်းမှုစနစ် ပိုမို ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်  ဘေးအန္တရာယ် ကင်းရှင်းရေး အလေးပေး ဆောင်ရွက်ခြင်း

ကုန်ပစ္စည်းများ၏ (၇၅) ရာခိုင်နှုန်းကို ပြည်တွင်းမှ တိုက်ရိုက်ရယူမည်ဟု ရည်မှန်းထားရာ မြန်မာနိုင်ငံအတွက် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေရေးမှာ ထိပ်တန်း ဦးစားပေးနေရာတွင် ရှိနေပါသည်။ METRO အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ စားသောက်ကုန် ထုတ်လုပ်သူများနှင့် စိုက်ပျိုးမွေးမြူသူများအတွက် အသိပညာနှင့် အတွေ့အကြုံများ မျှဝေပေးရန်သာမက မွမ်းမံသင်တန်းများမှတစ်ဆင့် ရေရှည် ပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ချိတ်ဆက်ဆောင်ရွက်သွားရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ METRO ၏ ဝန်ဆောင်မှုလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ရန်နှင့် ဒေသခံ လူ့အဖွဲ့အစည်း၏ နေထိုင်မှုဘဝ ပိုမို ကောင်းမွန်လာစေရန် လိုအပ်ချက်များနှင့် သင့်တော်မှုရှိပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်မည့် ကုန်စည်စီးဆင်းမှုစနစ်တစ်ခု ဖြစ်ပေါ်လာရန် လွန်စွာ အရေးပါ ပါသည်။

 

စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သိပံ္ပနည်းကျ အစားအသောက် ဘေးဥပါဒ် ကင်းရှင်းမှု ထိန်းချုပ်စနစ် (HACCP) ဆိုင်ရာ မွမ်းမံသင်တန်းများစွာကို ပြည်တွင်းရှိ ငါးမွေးမြူသူများနှင့် ကြက်မွေးမြူ သူများအတွက် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြုးရောင်းချရာတွင် တတ်မြောက်ထားသင့်သော ကျွမ်းကျင်မှုများ ရရှိစေရန် မကြာသေးမီ လများအတွင်း သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် METRO Wholesale Myanmar မှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်ကြားပေးသည့် မွမ်းမံသင်တန်းများကိုလည်း ကြက်သွန်နီ၊ အာလူး၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးသည့် သီးပင်စားပင်စိုက်တောင်သူဦးရေ (၂၀၀) ဦးအတွက် စီစဉ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

METRO Wholesale Myanmar အနေဖြင့် လာမည့်နှစ်များတွင်လည်း ပြည်တွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အဆင့်မြင့် မွမ်းမံသင်တန်းများ ပို့ချပေးပြီး ဒေသခံ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ၏ အရည်အသွေးကို ထပ်မံ မြှင့်တင်ပေးနိုင်ရန် ထိုကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများသည် စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သန့်ရှင်းမှုဂရုပြု  ဆောင်ရွက်ရေးတို့ ပေါင်းစပ်ပါဝင်သည့် အကျိုးပြု ကုန်စည်စီးဆင်းမှုတစ်ခုအတွင်းမှ “စိုက်ခင်းမှသည် ထမင်းစားပွဲမှတစ်ဆင့် စားသုံးသူများ ခက်ရင်းဖျားဆီသို့” ဟူသည့် လက်ကားရောင်းဝယ်ရေး ကုမ္ပဏီ၏စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး ကိုယ်ပိုင်မျှော်မှန်းချက်ဆောင်ပုဒ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

 

ဝယ်ယူစားသုံးသူနှင့် ဆက်ဆံရေးအတွက် ဒေသခံ ဝန်ထမ်းအင်အား

METRO Myanmar ၏ လက်ရှိ ဝန်ထမ်းအင်အား (၉၀) ရာခိုင်နှုန်းကျော်၊ ဝန်ထမ်းဦးရေ (၁၅၀) နီးပါးမှာ ဒေသခံ ကျွမ်းကျင်သူများကို ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ ၄င်းတို့အတွင်း B2B ဝယ်ယူစားသုံးသူများနှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် လုပ်ကိုင်သွားရန် တာဝန်ပေးထားသည့် ကျွမ်းကျင်မှုရှိပြီး သေချာစွာ လေ့ကျင့်သင်ကြား  ပေးထားသော အရောင်းမြှင့်တင်ရေးအဖွဲ့ တစ်ဖွဲ့ရှိပါသည်။ အဆိုပါ အဖွဲ့သည် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ကုန်ပစ္စည်း မှာယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန်နှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စောင့်ကြည့်စစ်ဆေးရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူအများ သတိပြုမိလာစေရန် အားပေးထောက်ပံ့နိုင်ရန် စားသုံးသူများအား လမ်းညွှန်ပေးလျက် ရှိပါသည်။

 

၂၀၂၅ ခုနှစ်အတွင်း METRO ၏ ပလတ်စတစ် သုံးစွဲမှု သိသိသာသာ လျော့ချပေးရန် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပူးပေါင်းပါဝင်ကူညီခြင်း လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် အစပျိုးသွားမည် ဖြစ်ပါသည်။

 

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် METRO ပလတ်စတစ်လျှော့ချရေး လှုပ်ရှားမှုကို စတင်ခဲ့ပြီး သမားရိုးကျ တစ်ခါသုံး ပလတ်စတစ်အိတ်များအစား ပြန်လည် အသုံးပြုနိုင်သောပစ္စည်းများ အစားထိုးသွားရန်နှင့် လာမည့်နှစ်များတွင် ပြန်လည်သန့်စင်ခြင်း သို့မဟုတ် အခြား ပစ္စည်းများထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်သွားရန် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

 

Read times Last modified on Monday, 11 March 2019 11:53
Rate this item
(1 Vote)