Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ဂဲနစ်သီးနှံများရောင်းချမည့် စနေ၊ တနင်္ဂနွေဈေးတွင် မမှန်မကန်ရောင်းချသူများအား ရောင်းချခွင့် ရာသက်ပန်ပိတ်မည်

ရန်ကုန်မြို့ ၊ မြေပဒေသာကျွန်းတွင် မတ် ၂၃ ရက်တွင် ပြန်လည်မွမ်းမံဖွင့်လှစ်မည့် အော်ဂဲနစ်နှင့် ဓာတုကင်းလွတ်သည့် သဘာဝ ဟင်းသီးဟင်းရွက်နှင့် သီးနှံများရောင်းချမည့် စနေ၊ တနင်္ဂနွေဈေး တွင်

မမှန်မကန် ရောင်းချသူတွေ့ရှိပါက ရောင်းချသူအား ဆိုင်ပိတ်သိမ်းကာ ရောင်းချခွင့် ရာသက်ပန်ပိတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPV) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၏ ပြောကြားချက်အရ သိရပါတယ်။

 

စိုက်ပျိုးရေးဦးစီးဌာနနှင့် MFPV အသင်း တို့ပူးပေါင်း၍ အော်ဂဲနစ်နှင့် ဓာတုကင်းလွတ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများအား တိုက်ရိုက်ချိတ်ဆက်ပေးနိုင်ရန် သန့်ရှင်းသော စိုက်ခင်းမှ စင်ကြယ်သော သီးနှံထုတ်ကုန်များသို့ (စနေ၊ တနင်္ဂနွေ) ဈေးကို မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းအရောင်းဆိုင်နှင့် နည်းပညာအကူအညီပေးရေးဌာနတွင် အပတ်စဉ် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရပါတယ်။

 

"ဒီဈေးမှာ အော်ဂဲနစ်၊ GAP, FDA, လက်မှတ်ရထားသူတွေ၊ လက်မှတ်မရသေးပေမယ့် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ခြံတွေထဲက လိုက်စစ်ထားတဲ့ ခြံတွေက လာရောင်းကြမှာပါ။ စိုက်ပျိုးရေးလုပ်ငန်းက မကျယ်ပြန့်ပါဘူး။ တကယ်လို့ မသင်္ကာစရာတွေ့တာတို့၊ စားသုံးသူကနေ တိုင်ကြားတာတို့ဆိုရင် ချက်ချင်းစစ်ပြီး တွေ့တာနဲ့ ရောင်းချခွင့်ကို ရာသက်ပန်ပိတ်မှာပါ" ဟု ဦးစိုးမင်းဒင်က ပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင် လက်မှတ်ရရှိထားသည့် ခြံများအပြင် ကော်မတီငါးဖွဲ့ ဖွဲ့စည်းကာ လိုက်လံစစ်ဆေးထားသော သဘာဝအတိုင်း စိုက်ပျိုးထားသည့် ခြံ ၁၅ ခြံမှ ဟင်းသီးဟင်းရွက်နှင့် သီးနှံများ ရောင်းချမည်ဖြစ်ကာ တိုင်ကြားမှုများရှိလာပါက သက်ဆိုင်ရာဌာနများအပြင် ဈေးတွင်လည်း ချက်ချင်းစစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဈေးတာဝန်ခံ ဦးတင်အောင်၏ ပြောပြချက်အရ  သိရပါတယ်။

 

"ယုံကြည်စိတ်ချရလောက်တဲ့သူတွေပဲ ရောင်းချခွင့်ပေးမှာပါ။ တင်ထားတဲ့ ပစ္စည်းတွေကလည်း ကြိုတင်အကြောင်းကြားထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ မသင်္ကာတာတို့၊ စားသုံးသူတိုင်တာတို့ဆိုရင်လည်း ချက်ချင်းစစ်ဆေးပေးမှာပါ။ ဈေးနှုန်းကတော့ လူလတ်တန်းစားတွေ စားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ စိုက်ပျိုးထုတ်လုပ်သူတွေအတွက်လည်း ထိုက်တန်တဲ့ ဈေးနှုန်းဖြစ်တဲ့ နှစ်ဖက်မျှတတဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းချပေးပါမယ်" ဟု ဦးတင်အောင်ကပြောကြားခဲ့ပါတယ်။

 

ထို့ပြင် သဘာဝခြံများအား လိုက်လံစစ်ဆေးပြီး ဓာတုကင်းလွတ်ခြင်းစသည့် အရည်အသွေးများနှင့်ပြည့်မီပါက အသိအမှတ်ပြုလက်မှတ်ကို တစ်နှစ်ထုတ်ပေးထားကာ ယင်းကာလထက်ကျော်လွန်ပါက စိုက်ပျိုးသူများဘက်မှ ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်းဈေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ၁၅ မျိုးမှ မျိုး ၂၀ နှင့် ဟင်းသီးဟင်းရွက် အခြေခံထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ၃၄ ခန်းဖြင့် စတင်ထည့်သွင်းရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါဈေးကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် စနေဈေးအဖြစ် စတင်ရောင်းချခဲ့သော်လည်း ကနဦးသုံးနှစ်အတွင်း ရောင်းအားကောင်းပြီး နောက်ပိုင်းတွင် သီရိမင်္ဂလာဈေးစသည့် လက်ကားဈေးများမှ ၀ယ်ယူရောင်းချလာမှုများ ရှိလာသောကြောင့် ကော်မတီဖွဲ့စည်းပြီး စနေ၊ တနင်္ဂနွေနှစ်ရက်အဖြစ် ပြန်လည်မွမ်းမံကာ မတ် ၂၃ ရက်တွင် ဖွင့်ပွဲပြုလုပ်ပြီး တနင်္ဂနွေတစ်ရက်ထပ်မံတိုးမြှင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)