Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားတန်ချိန် တစ်သိန်းနှစ်သောင်းကို တရုတ်က ငါးလအတွင်း ဝယ်ယူမည်

မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာအရ တရုတ်က ပြည်တွင်းထုတ် သကြားတန်ချိန် (၁၂၀,၀၀၀)ကို ငါးလအတွင်း ဝယ်ယူမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။

 

“ယူနန်အစိုးရရဲ့ လတ်တလော လိုအပ်ချက်အရ MOU လက်မှတ်ထိုးထားတဲ့အထဲမှာ သကြားတန်ချိန် (၁၂၀,၀၀၀) ထဲကနေ တန်ချိန် (၁၀,၀၀၀) ကို စတင်တင်ပို့သွားမှာဖြစ်တယ်” လို့ ၎င်းကပြောပါတယ်။ ဇွန်လ ( ၁၂ ) ရက်က ကူမင်းမြို့မှာ မြန်မာ-တရုတ်အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာဖြစ်ပါတယ်။

 

“ကြံအသစ်က မကြာမီ ပေါ်တော့မှာ ဖြစ်တယ်။ ကြံတွေကို ပြန်လည်ထုတ်လုပ်ပြီးတော့ ငါးလအတွင်း တင်ပို့နိုင်ဖို့အတွက် ရည်မှန်းထားတယ်။ တင်ပို့မယ့် သကြားတွေကိုတော့ တရုတ်က လာရောက်စစ်ဆေးမှုတွေကို ပြုလုပ်မှာဖြစ်တယ်။ တင်ပို့တဲ့အခါမှာလည်း အရည်အသွေးရှိတဲ့ စက်ရုံတွေက ပစ္စည်းတွေကိုပဲ ဝယ်ယူမှာဖြစ်ပြီး ပြည်ပက တင်သွင်းပြီး ပြန်လည်တင်ပို့နေတဲ့ Re-Export သကြားတွေကိုတော့ ဝယ်ယူမှာ မဟုတ်ပါဘူး” လို့ ဦးဝင်းဌေးက ဆက်လက်ပြောပါတယ်။

 

အခုလို နှစ်နိုင်ငံ တရားဝင် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခြင်းကြောင့် သကြားနဲ့ ကြံဈေးကွက် ဈေးနှုန်းကျဆင်းခဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပေမယ့်လည်း တရုတ်က လက်ရှိ ဝယ်ယူမှုပြုတော့မှာဖြစ်တာကြောင့် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သိရပါတယ်။

 

ပြည်တွင်း ကြံကြိတ်စက်များက ထုတ်လုပ်တဲ့ သကြားများကို ဝယ်ယူမယ်ဆိုပေမယ့်လည်း အရည်အသွေး သတ်မှတ်ချက်နဲ့ညီတဲ့ စက်ရုံများကသာ ဝယ်ယူမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် အကြီးစား စက်ရုံများသာ အကျိုးအမြတ်ရရှိနိုင်ကြောင်း သကြားစက်ပိုင်ရှင်များထံမှ သိရပါတယ်။

 

 
Read More >>>  ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

 


လတ်တလောမှာ ပြည်တွင်းထုတ် သကြားများ တင်ပို့ရမယ်ဆိုခြင်းကြောင့် ကုန်သည်များ ဈေးနှုန်းတိုးမြှင့်ရောင်းချဖို့ စီစဉ်နေပေမယ့်လည်း ပြည်တွင်းမှာ သကြားလက်ကျန်များစွာ ရှိနေခြင်းကြောင့် ဈေးနှုန်းတိုးမြင့်မရနိုင်ကြောင်း သိရပါတယ်။

 

လက်ရှိ သကြား၊ သကာရည် လုပ်ငန်းရှင်များအသင်း ဈေးနှုန်းများမှာ ပေါင်းသကြား QCA အဆင့် သကြားတစ်ပိဿာလျှင် ကျပ် (၁၀၂၀)၊ QCB အဆင့်ရှိ သကြားတစ်ပိဿာလျှင် ကျပ် (၉၅၀)၊ QCC အဆင့် သကြားတစ်ပိဿာလျှင် ကျပ် (၉၀၀) ဈေးရှိပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တုန်းက ဧကလေးသိန်းကျော် စိုက်ပျိုးခဲ့ပြီး သကြားတန်ချိန် ငါးသိန်းကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

 

Source: The Farmer Myanmar

Read times Last modified on Monday, 24 June 2019 16:42
Rate this item
(1 Vote)