Food & Livestock
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် လျော့သော်လည်း ဈေးကွက်အသစ်များသို့ တင်ပို့နိုင်မှု မြင့်တက်လာ
နယ်စပ်မှ တရုတ်နိုင်ငံ သို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် လျော့နည်းသော်လည်း ဖိလစ်ပိုင် အပါအဝင် ဈေးကွက်အသစ်များ သို့ ဆန်တင်ပို့မှု မြင့်တက်လာ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကိုး လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားပြီး နယ်စပ်မှ တရုတ် နိုင်ငံသို့ တန်ငါးသိန်းကျော် တင် ပို့မှု ပါဝင်သည်။ တရုတ်နိုင်ငံက နယ်စပ်မှ ဆန်တင်ပို့မှုကို တားဆီး နေသော်လည်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များက ပင်လယ် ရေကြောင်းမှ တရားဝင်ဆန်ဝယ် ယူသည်။
မြန်မာနိုင်ငံသည် နယ်နိမိတ် ချင်း ထိစပ်နေသော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ဖွင့်လှစ်ထားသကဲ့ သို့ ရန်ကုန်ဆိပ်ကမ်းမှလည်း သင်္ဘောဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဆောင်ရွက်နေ သည်။
Read More >>>>> အော်ဂဲနစ် သီးနှံများကို စားသုံးသူများလာ
ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှုတွင် ပြည်ပဆန်ရောင်းချမှုက လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၌အရေး ပါသည်။ နှစ်စဉ် စိုက်ပျိုးထုတ် လုပ်သော ဆန်တန်ချိန် ၁၄ သန်း ခန့်တွင် ပြည်တွင်းစားသုံးမှု ၁၀ သန်းအောက်၌ရှိပြီး ပိုလျှံ ဆန် တန်ချိန် လေးသန်းခန့်အတွက် နိုင်ငံတကာ ဆန်ဈေးကွက်များက အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နေသည်။
‘‘ပြည်ပပို့နိုင်တဲ့ ပမာဏက အချိန်ကာလတစ်ခုမရောက်သေး တော့ ပြောရခက်တယ်။ ဒီနှစ်မှာ တင်ပို့မှု ထိုးကျသွားတာမျိုးမဖြစ် နိုင်ပါဘူး’’ဟု ဦးလူမော်မြင့်မောင် က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှပြည်ပသို့ ဆန်အများဆုံးတင်ပို့နေသည့် နိုင်ငံများ၌ တရုတ်နိုင်ငံပြီး လျှင် ဖိလစ်ပိုင်နိုင်ငံက ဒုတိယ အများဆုံးဖြစ်ပြီး တတိယမှာ ကင်မရွန်းအပါအဝင် အာဖရိကနိုင်ငံ များဖြစ်သည်။ တရုတ်နိုင်ငံက နယ်စပ်မှ ဆန်တင်သွင်းမှု တားဆီးထားသော်လည်း ပုဂ္ဂလိက ကုန်သည်များက ပင်လယ်ရေ ကြောင်းမှ တရားဝင်အခွန်ဆောင် ပြီး ဝယ်ယူနေသည်။
‘‘တရုတ်က ပုံမှန်ကုန်သွယ် ရေးကနေဆိုရင် အစိုးရချင်း သဘောတူညီမှုနဲ့သာ ဝယ်ခဲ့တာ။ ဒီနှစ်မှ ပုဂ္ဂလိကကုမ္ပဏီတွေက ဝယ်ကြတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။
၂၀၁၁ ကစတင်ပြီး ပြည်ပ သို့ ဆန်တင်ပို့ခြင်းသည် မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးတက်နေပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ တန်ချိန် ၃ ဒသမ ၆ သန်းကျော် တင်ပို့နိုင် ကာ နှစ် (၇၀)အတွင်း ပထမဆုံးစံချိန်တင်ခဲ့သည်။ ပြည်ပဆန်တင် ပို့မှုမှ ဝင်ငွေအဖြစ် ဒေါ်လာ တစ် ဘီလီယံခန့်ရရှိရန် ဆန်စပါးအ သင်းချုပ်က မျှော်မှန်းခဲ့သည်။
သို့သော် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ဝင်ငွေ ဒေါ် လာ သန်း ၅၀၀ ကျော်သာ ရရှိ ထားသည်။ တရုတ်နိုင်ငံ နယ်စပ် တွင် တားဆီးခံရမှုများက ပြည်ပ ဆန်တင်ပို့သည့် လုပ်ငန်းများကို ထိခိုက်ပြီး နွေစပါးအသစ်ပေါ်ချိန် ပြည်ပတင်ပို့နေသည့် ဆန်ကြမ်းတန်ချိန် သုံးသန်းကျော် ပြည်တွင်း၌ ကျန်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါး ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
Source: 7 day news