Food & Livestock
ရင့်မှည့်တဲ့ သရက်သီးများ ဧပြီလ ၁၅ ရက်မတိုင်မီ ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချသင့်
ယခုနှစ်အတွင်း သရက်ပွင့်ချိန်အနည်းငယ်စောခဲ့သည့်အတွက် သရက်ခြံပိုင်ရှင်များအနေဖြင့်
ဧပြီ ၁၅ ရက်မတိုင်မီ ရင့်မှည့်သည့် သရက်သီးများကို ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချသင့်ကြောင်း မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်းထံမှ သိရပါတယ်။
မြန်မာနိုင်ငံတွင် သရက်ကို တိုင်းဒေသကြီ်းနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးလေ့ရှိသော်လည်း အဓိကအားဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စိုက်ပျိုးကာ ပြည်တွင်းမှ ထွက်ရှိသည့် သရက်သီး ၉၅ ရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရပါတယ်။
သရက်သီးသည် နှစ်စဉ်သင်္ကြန်ပြီးကာလမှသာ ရင့်မှည့်လေ့ရှိသော်လည်း ယခုနှစ်တွင် တချို့ဒေသများတွင် ဇန်န၀ါရီလအတွင်းမှစ၍ သရက်ပွင့်များ ပွင့်သည့်အတွက် ယခုနှစ် သရက်သီးထွက်ရှိမှုမှာ ယမန်နှစ်ကထက် အနည်းငယ် စောနိုင်ကြောင်း သိရပါတယ်။
ပြီးခဲ့သည့်နှစ်က တချို့ကုန်သည်များမှာ သရက်သီးများကို မရင့်မှည့်မီ ပြည်ပဈေးကွက်သို့ တင်ပို့ရာ ဈေးကွက်ပျက်မှုများ တွေ့ကြုံရပြီး ဈေးနှိမ်မှုများ ရှိခဲ့သည့်အတွက် မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်ကြီးကြပ်ရေးအဖွဲ့မှ ဧပြီ ၁၅ ရက်မတိုင်မီ မူဆယ်ဈေးကွက်သို့ တင်ပို့ခြင်းမပြုရန် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ထိုကဲ့သို့ ထုတ်ပြန်မှုသည် ယခုနှစ်သရက်ဈေးကွက်အတွက် ကောင်းမွန်နိုင်ပြီး သရက်စိုက်တောင်သူများအနေ ဖြင့် အမှည့်စောသည့် သရက်သီးများကို ပြည်တွင်းဈေးကွက်၌သာ ဦးစွာ ရောင်းချသင့်ကြောင်း သိရပါတယ်။