Food & Livestock
တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ဧက (၄) သိန်းခန့် ရှိပြီး ဆီကြမ်းနှင့် ဆီချောစက်ရုံများ လိုအပ်နေ
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ လွန်ခဲ့သည့် နှစ် (၃၀) ကျော်ခန့်မှ ဆီအုန်းစိုက်ပျိုးမှု စတင်ခဲ့ပြီး ယခုအခါ ဆီအုန်းကုမ္ပဏီပေါင်း (၃၉) ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက စိုက်ပျိုးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီအုန်း စိုက်ပျိုး အောင်မြင်နိုင်သည့် ရေ၊ မြေ စသည့် ရာသီဥတု အခြေအနေများကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကပါ ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြခြင်း ဖြစ်သည်။
“ ၂၀၂၃- ၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကောက်ယူထားတဲ့ စာရင်းများအရဆိုရင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင် စတဲ့ ခရိုင် (၄) ခုမှာ ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက ရှိပါတယ်။ ဆီသီးခိုင် ခူးနိုင်တဲ့ဧက (၁၈၃,၃၂၁) ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ (၂.၇၄) တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင် ထွက်ရှိမှုကတော့ (၅၀၂,၈၂၅) တန် ထွက်ရှိပါတယ်။ ” ဟု တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း (၃၉) ခုနှင့် ပုဂ္ဂလိကခြံရှင် (၄၀) နီးပါးခန့် ရှိပြီး ထွက်ရှိလာသည့် ဆီသီးခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက် ရောင်းချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ်စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်စျေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် (၃၃၀,၀၀၀) ခန့် ပေါက်စျေးရှိကြောင်း သိရသည်။



