Food & Livestock
မြန်မာ့ ပဲထောပတ်ကို ဂျပန်နိုင်ငံက ဈေးနှုန်းပိုပေး ဝယ်ယူနေသော်လည်း ပိုးသတ်ဆေး အမြင့်ဆုံးပါဝင်မှု ကန့်သတ်ချက် မကျော်လွန်စေရေး ဂရုပြုရန်လို
မြန်မာ့ပဲထောပတ် အများဆုံး ဝယ်ယူသည့် ဂျပန်နိုင်ငံမှ ဈေးနှုန်းပိုပေးကာဝယ်ယူ နေသော်လည်း ပိုးသတ်ဆေး
အမြင့်ဆုံး ပါဝင်မှု ကန့်သတ်ချက်(30 ppm) ထက် ကျော်လွန် ပါက အရောင်းအဝယ် မဖြစ်နိုင်သောကြောင့် ဂရုပြုရန် လိုအပ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ပဲထောပတ်ကို ပြည်ပသို့ တင်ပို့ရာတွင် ဈေးကောင်း ရရှိသောကြောင့်သိုလှောင်ရုံ ပိုးမွှားကာကွယ်မှုစနစ်အတွက် သီးနှံများစစ်ဆေးခြင်း၊ အပူချိန်တက်လျှင် အပုံကို အထက်အောက်လှန်ခြင်း၊ နေရာပြောင်းခြင်း၊ တစ်ပတ်တစ်ကြိမ် ဆေးခိုးလွှတ်ခြင်း၊ ကြွက် နှိမ်နင်းရေး တစ်လတစ်ကြိမ် ပြုလုပ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲထောပတ်ကို ဂျပန်၊ တရုတ်၊ ဒိန်းမတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊မလေးရှား၊ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ် စသည့်နိုင်ငံ တို့သို့ တင်ပို့လျက်ရှိကာ ပျမ်းမျှတန်ချိန် သုံးသောင်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မိုးနှင့်ဆောင်း ပဲထောပတ် စိုက်ပျိုးမှုဧကပေါင်း တစ်သိန်းခြောက်သောင်း ကျော်ရှိပြီး အထွက်နှုန်း တန်ချိန် တစ်သိန်း ခန့်ရှိကြောင်း၊ ပဲထောပတ်ကို မိုးရာသီ၌ ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးကြပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းကြကြောင်း၊ဆောင်းရာသီ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် ရိတ်သိမ်းကြောင်းနှင့် လက်ရှိ မန္တလေး၊ မုံရွာ၊ မူဆယ်ဈေးကွက် တို့၌ ပဲထောပတ် တစ်တန်လျှင် ငွေကျပ် ငါးသိန်းကျော်မှ ငွေကျပ် ခုနစ်သိန်းဝန်းကျင် အထိရှိကြောင်း သိရသည်။
Source: Myawady