Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သံပရာသီး ဈေးကောင်းလာသည့်အတွက် သံပရာခြံ စိုက်ပျိုးသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်ရိုး တစ်လျှောက်၌ သံပရာခြံများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ သံပရာသီး ဈေးကောင်းလာသည့်အတွက် သံပရာစိုက်ပျိုးသူများ  

တွက်ခြေကိုက် အဆင်ပြေကြောင်း  သိရသည်။

 

သံပရာပင်စိုက်ပျိုးရာတွင် ဒေသအခေါ်သံပရိုပင်၊ ဗမာသံပရာပင်၊ မုံရွာမျိုးသံပရာပင်ဟူ၍ သုံးမျိုးစိုက်ပျိုးကြပြီး သံပရိုပင်သည် တစ်နှစ်ပတ်လုံး အသီးသီးပြီး ပုံမှန်ဈေးသာ ရရှိသည်။ အခြားသံပရာ နှစ်မျိုးမှာ ရာသီအလိုက်သီးပြီး ဈေးနှုန်းကောင်းမွန်ကြောင်း သိရသည်။

 

သံပရာပင်စိုက်ပျိုးရာတွင် မူလ သံပရာပင်ကိုင်းကို ဓားဖြင့်ထစ်ကာ ရွှံ့လုံးများပတ်၍ မျိုးပွားကြရသည်။ထိုသို့ စတင်ရွှံ့ကပ်သည်မှစ၍ တစ်လခန့်တွင် အမြစ်ထွက်ကာ စိုက်ပျိုး၍ ရနိုင်သည့် အနေအထားသို့  ရောက်ရှိသည်။  စိုက်ပျိုးရာတွင်  မြေကောင်းပါက ခုနစ်တောင်ခန့် အကွာအဝေးထားကာ စိုက်ပျိုးရပြီး    စတင်စိုက်ပျိုးသည့် အချိန်မှစ၍  ရေတင်ခြင်း၊ ပေါင်းပေါက်ခြင်းများကို စနစ်တကျ ပြုလုပ်ပေးရသည်။ သံပရာခြံများမှာ  မိုးတွင်းကာလတွင် ရေပေးခြင်း မပြုလုပ်ဘဲ ဆောင်းတွင်း ကာလနှင့် နွေရာသီတွင်သာ ရေအများဆုံး တင်ပေးရသည်။

 

မြေပေါ်စတင် စိုက်ပျိုးပြီး နှစ်နှစ်ခန့်တွင် သံပရာသီး စတင်အသီးသီးပြီး တစ်နှစ်ပတ်လုံး သီးကြသည်။ ပြုစုယုယမှုပေါ် မူတည်၍ အသီးအနည်းအများ ကွာခြားတတ်သည်။ယခင်က  သံပရိုသီး နှစ်တင်းဝင်အိတ် တစ်လုံးလျှင် ငွေကျပ် ၁ဝဝဝဝ မှ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တစ်အိတ်လျှင်  ငွေကျပ် ၃ဝဝဝဝ ဖြင့် ရောင်းချရသည်။

 

မန္တလေးမြို့သို့ အများစု တင်ပို့ရောင်းချကြပြီး  သံပရာပွဲစားများမှ သံပရာခြံများကို   နှစ်ပြတ်ဖြင့် ဝယ်ယူသည်လည်း ရှိသည်။   တစ်နှစ်လျှင် ငွေကျပ် ၃၂ သိန်းနှုန်းဖြင့် နှစ်နှစ်စာငွေကျပ် ၆၄ သိန်းဖြင့် သံပရာသီးကို  ခြံပြတ်ရောင်းချသည်လည်း ရှိသည်။ သံပရာခြံ ကိုယ်တိုင် လုပ်ကိုင်သူများ လပြတ်ရောင်းချသူများလည်း ရှိသည်။ သံပရာသီးများမှာ မိုးတွင်းပိုင်းတွင် ဈေးကျကာ ဆောင်းတွင်းပိုင်းနှင့် နွေရာသီတွင် ဈေးကွက်ကောင်းမွန်သည်။ 

 

ဗမာသံပရာသီးနှင့် မုံရွာသံပရာသီးများကိုမူ အလုံးရေဖြင့် ရောင်းချရပြီး  တစ်လုံးလျှင် ငွေကျပ် ၁ဝ  ကျပ်ကျော်အထိ ရောင်းချရကာ  ရာသီ အလိုက် ဈေးနှုန်းအတက်အကျရှိသည်။

 

လက်ရှိကာလတွင်   အမရပူရမြို့နယ် ရွှေစာရံ၊ မုံတောနှင့် ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် သံပရာပင်များကို စီးပွားဖြစ် စိုက်ပျိုးသူများသည် သံပရာသီးဈေး ကောင်းလာသည့်အတွက် တွက်ခြေကိုက် အဆင်ပြေလျက် ရှိကြောင်း   သတင်းရရှိသည်။

Source: Myawaddy

Read times
Rate this item
(1 Vote)