Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းစားသုံးတဲ့ ပေါ်ဆန်း ဆန်များ (၁၈) ရာခိုင်နှုန်းခန့် ဈေးမြင့်နေ

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းဈေး ကျဆင်းနေပေမယ့်လည်း ပြည်တွင်းမှာ စားသုံးတဲ့ ပေါ်ဆန်းအမျိုးအစား ဆန်ချောဈေးနှုန်းက ခြောက်လအတွင်းမှာ (၁၈) ရာခိုင်နှုန်းခန့် မြင့်တက်လာပါတယ်။

 

ပြည်တွင်းမှာ ဆန်ချောစားသုံးမှု တိုးလာပြီး ထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေရှိတဲ့အတွက် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ဆန်းအမျိုးအစား ဆန်ချောများက မိုးရာသီမှာ ဈေးမြင့်တက်လေ့ရှိပြီး မိုးနှောင်းပိုင်းရောက်ရင် ဈေးနှုန်းအမြင့်ဆုံးရောက်လေ့ရှိတယ်လို့ ၎င်းကဆိုပါတယ်။

 

၂၀၁၉ ဇန်နဝါရီမှာ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် (၃၇,၀၀၀) ဈေးရှိပြီး ဇွန်လကုန်မှာ တစ်အိတ်ကို ကျပ် (၄၄,၀၀၀) ဈေးအထိ မြင့်တက်လာပါတယ်။ အခုလို ပြည်တွင်းစားသုံးတဲ့ ပေါ်ဆန်းအမျိုးအစား ဆန်ချောဈေး မြင့်တက်လာပေမယ့်လည်း ပြည်ပတင်ပို့နေတဲ့ ဆန်ကြမ်းဈေးကတော့ နှစ်ဝက်အတွင်း အပြောင်းအလဲမရှိပါဘူး။

 

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံကို ဆန်တင်ပို့မှု များစွာလျော့ကျခြင်းက ဆန်ကြမ်းဈေးမြင့်တက်ဖို့ လတ်တလောမလွယ်သေးကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ဦးသန်းဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်ဆန်ဈေးကွက်မှာ ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပတင်ပို့သူများရဲ့ ဝယ်ယူမှုအပေါ်မူတည်ပြီး ဆန်ဈေးဖွင့်နေရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်ပတ်က ရန်ကုန်ဆန်ဈေးကွက်မှာ ပြည်ပတင်ပို့သူများ အဝယ်များခြင်းကြောင့် တစ်အိတ်ကို ကျပ် (၂၀,၀၀၀) အထိ မြင့်တက်ခဲ့တဲ့ ဆန်ကြမ်းဈေးနှုန်းဟာ ဇူလိုင် (၃) ရက်နေ့မှာတော့ ကျပ် (၁၉,၀၀၀) အထိ ကျဆင်းခဲ့ပါတယ်။

 


Read More >>>>>  ပြည်ပမှ နှစ်စဉ် ကျွဲ၊ နွားအကောင်ရေ (၁) သန်းနီးပါး ဝယ်လိုအားရှိနေ

 


ရန်ကုန်ဈေးကွက်ကို အခုရက်ပိုင်းအတွင်း နေ့စဉ် အိတ်ရေ (၅၀,၀၀၀) ခန့် ဆန်အဝင်ရှိနေပြီး ပွင့်ဖြူ၊ စလင်း စတဲ့ မြို့နယ်များမှ ဆန်များနဲ့ မန္တလေးတိုင်းအတွင်းမှ ဆန်များဖြစ်ပါတယ်။ မူဆယ်ဈေးကွက်ကို ဆန်တင်ပို့နိုင်မှုမရှိခြင်းကြောင့် ရန်ကုန်ဈေးကွက်ကို အဆိုပါဒေသများမှ ဆန်များဝင်လာခြင်းဖြစ်တယ်လို့ ဦးသန်းဦးက ပြောပါတယ်။

 

Source: 7 Day Daily

Read times
Rate this item
(0 votes)