Food & Livestock
မူဆယ်နယ်စပ်ရှိ ကျန်သည့်ဆန်အိတ်များ သြဂုတ်လအတွင်း တရုတ်သို့ အပြီးတင်ပို့မည်
မူဆယ်နယ်စပ်မှာ ပိတ်မိနေတဲ့ဆန်အိတ်များကို အခုသြဂုတ်လအတွင်း တရုတ်နိုင်ငံသို့ အပြီးတင်ပို့မှာဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။
တရုတ်နိုင်ငံအစိုးရက တရုတ်ကုန်သည်များကို ပါမစ်ထုတ်ပေးခဲ့တဲ့အတွက် ဇွန်လမှ စတင်ကာ ပိတ်မိနေတဲ့ဆန်အိတ်များ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့နေပြီး လက်ရှိမှာ အများဆုံးဆန်အိတ်ရေ သုံးသိန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။
"အဲဒီပါမစ်နဲ့ တစ်ပတ်မှာ ငါးရက်ထွက်လို့ရတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ထွက်တယ်။ အခုလက်ရှိမှာ လက်ကျန်တော်တော်နည်းသွားပါပြီ။ အများဆုံးရှိရင် အိတ်ရေ သုံးသိန်း၊ တန်ချိန်တစ်သောင်းခွဲလောက်ပဲရှိတော့တယ်။ ဆန်ကုန်တဲ့အထိ တင်ပို့လို့ရတယ်" လို့ မူဆယ်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တရုတ်နိုင်ငံက မှောင်ခိုပစ္စည်းတိုက်ဖျက်ရေးစီမံချက်နဲ့ လုပ်ဆောင်နေတဲ့အတွက် အဖမ်းအဆီးများခြင်းကြောင့် ကုန်သည်များ အရောင်းအဝယ်ပြုလုပ်လို့မရသဖြင့် မူဆယ်နယ်စပ်မှာ ဆန်အိတ်ရေ (၁၀) သိန်းအပါအဝင် သကြားနဲ့ ပြောင်းများလည်း သောင်တင်နေခဲ့ခြင်းဖြစ်ပါတယ်။
Read More >>>>> ပြည်ပသို့ တင်ပို့မှုကြောင့် ကဏန်းသားပေါက်များရှားပါးလာ
အခုအခါ တရုတ်ကုန်သည်များက တရုတ်အစိုးရရဲ့ ပါမစ်ရရှိပြီဖြစ်တာကြောင့် မူဆယ်နယ်စပ်မှာ အရင်ပိတ်မိနေတဲ့ ဆန်တန်ချိန်ငါးသောင်း၊ အိတ်ရေ (၁၀) သိန်းခန့်မှာ ဇွန်လက စတင်ပြီး တရုတ်သို့ ထွက်ရှိနေပါတယ်။ လက်ရှိ မူဆယ်နယ်စပ်မှ တရုတ်ပြည်သို့ တစ်ပတ်ကို အနည်းဆုံး ဆန်အိတ်ရေနှစ်သိန်းခန့် ထွက်ရှိနေကြောင်း သိရပါတယ်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် တန်ချိန် အမြောက်အမြားလျော့ကျနေတဲ့အပြင် ပြည်တွင်းစပါးဈေးမှာလည်း အခြေခံဈေးနှုန်း အောက်ကျဆင်းနေတဲ့အတွက် အစိုးရနဲ့ ဆန်လုပ်ငန်းရှင်များ ပူးပေါင်းကာ ဈေးကွက်ရှာဖွေခြင်းနဲ့ ဆန်စက်အရည်အသွေးများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
Source: The Myanmar Times
#Myanmar Food Industry Directory



